--
:)
![]() |
LG မှ Dual-Core processor ပါဝင်သည့် စမတ်ဖုန်းများထုတ်လုပ်မည် |
ဘက်ထရီရဲ့သက်တမ်းကို ထိန်းသိမ်းပေးနိုင်သည့် မျိုးဆက်သစ် Dual-Core processor အသုံးပြုထားသော စမတ်ဖုန်းသစ်များကို LG Electronics မှ ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းများမှာ LG ၏ Optimus စီးရီးများဖြစ်ပြီး Nvidia မှထုတ်လုပ်သော Tegra 2 Dual-Core ချစ်ပ်များကိုအသုံးပြုထားကာ 1080p high-definition ဗီဒီယိုများကို ကြည့်ရှုနိုင်စေကြောင်း LG မှ ကြေညာခဲ့သည်။ ယနေ့ခေတ်စမတ်ဖုန်းများတွင် Single-Core processor များကိုသာ အသုံးပြုထားပြီး 720p resolution ဗီဒီယိုများကိုသာ ထောက်ပံ့ပေးနိုင်သည်။ သို့ရာတွင် Dual-Core processor အသုံးပြုစမတ်ဖုန်းများကမူ videoconferencing ကဲ့သို့သော application များကို အသုံးပြုစေနိုင်ကြောင်း သိရသည်။ Optimus စမတ်ဖုန်းများတွင် 1GHz processor နှစ်ခုပါဝင်လာ မည်ဖြစ်ပြီး Single-Core 1GHz ချစ်ပ်များထက် ၀က်ဘ်အသုံးပြုခြင်းအတွက် နှစ်ဆ၊ ဂိမ်းကစားခြင်းအတွက် ငါးဆပိုမိုလျင်မြန်စေမည် ဖြစ်သည်။ ယနေ့ခေတ် အဆင့်မြင့်စမတ်ဖုန်းအချို့ဖြစ်သော Motorola Droid X, Apple iPhone 4 နှင့် HTC Evo 4G တို့တွင် 1GHz Arm processor များကိုသာ အသုံးပြုထားသည်။ Nvidia ကထုတ်လုပ်သည့် Tegra 2 ချစ်ပ်ကို Arm Cortex-A9 ပေါ်တွင် အခြေခံတည်ဆောက်ထားပြီး ပြီးခဲ့သည့်နှစ်ဇန်န၀ါရီလက tablet များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ LG ၏ Dual-Core processor အသုံးပြုစမတ်ဖုန်းများကို ယခုနှစ် စတုတ္ထလေးလပတ်အတွင်း ထုတ်လုပ်မည်ဖြစ်ပြီး ယင်းစမတ်ဖုန်းများနှင့်ပတ်သက်သည့် အခြားအချက်အလက်များကိုမူ ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။ |
![]() |
အွန်လိုင်းမှတစ်ဆင့် နာမည်ကြီးစူပါမားကတ် ၅ ခုတွင် ဈေးဝယ်နိုင်တော့မည် |
City Mart , Ocean, Balazon, Capital, Orange စသည့် စူပါမားကတ်ကြီးများမှ ကုန်စည်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူရရှိနိုင်ရန် ရတနာပုံ အမျိုးသားဝက်ဘ်ပေါ်တယ်က ဆောင်ရွက်လျက်ရှိကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စီစဉ်ဆောင်ရွက်မှုတွင် ရန်ကုန်မြို့၏ နာမည်ကြီးစူပါးမားကတ် ၅ ခုအပြင် အခြားသော စတိုးဆိုင်များမှ ကုန်စည်များလည်း ပါဝင်မှုရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ အဆိုပါ အွန်လိုင်းဈေးဝယ်မှုကိစ္စရပ်အား www.yatanarpan.com.mm အမည်ရှိသော ၀က်ဘ်ပေါ်တယ်ပေါ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၀က်ဘ်ပေါ်တယ်တွင် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်နိုင်စေရန် ငွေပေးချေမှုကိစ္စရပ်များကို ပြည်တွင်းပုဂ္ဂလိကဘဏ်နှစ်ခုနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်က ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကြောင့် အွန်လိုင်းငွေပေးချေနိုင်မှု ကိစ္စရပ်ပေါ်ပေါက်လာနိုင်မည်ဖြစ်ပြီး အဆိုပါ အွန်လိုင်းငွေပေးချေနိုင်မှုကိုအခြေပြု၍ အခြားသော စီးပွားရေးလုပ်ငန်းများ ထပ်မံဖြစ်ထွန်းလာနိုင်မည် ဖြစ်သည်။ |